နှလုံးဝေဒနာရှင်တွေ ကြုံရနိုင်တဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာများ
နှလုံးရောဂါ ရှိပေမယ့် နှလုံးသားလေးလည်း ရှိပါတယ်ဆိုတဲ့ လူတွေမှာ လိင်မှုဆိုင်ရာ ပြဿနာတွေနဲ့ အခက်ကြုံနေရတာမျိုး ရှိကြလား။နှလုံးရောဂါရှင်တွေဟာ ရောဂါကြောင့် ဖြစ်စေ၊ သောက်ရတဲ့ဆေးတွေကြောင့် ဖြစ်စေ၊ စိုးရိမ်စိတ်ကြောင့် ဖြစ်စေ လိင်မှုဆိုင်ရာ မစွမ်းဆောင်နိုင်လို့ စိတ်ညစ်စိတ်ဓာတ်ကျနေတာမျိုး ဖြစ်တတ်ပါတယ်။
နှလုံးရောဂါရှင်တွေ လိင်ကိစ္စအတွက် စိုးရမ်စိတ်ဖြစ်နေတာဟာ တကယ်တော့ ပုံမှန်ပါပဲ။ နှလုံးနဲ့ သွေးကြောရောဂါတွေရှိရင်…
- လိင်စိတ်ဆန္ဒ မရှိတာ
- အမျိုးသားတွေမှာ ပန်းသေတာ သို့မဟုတ် လိင်အင်္ဂါမထောင်မတ်နိုင်တာ
- အမျိုးသမီးတွေမှာ မိန်းမကိုယ်ခြောက်သွေ့တာ
- အထွတ်အထိပ် မရောက်နိုင်တာ စတဲ့ ပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။
ဒါတွေဟာ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးလည်း ဖြစ်နိုင်တာမို့ ဒီပြဿနာတွေ ကြုံနေရရင် ဆရာဝန်၊ ဆရာမတွေကို ပြောပြပြီး အကြံဥာဏ်ယူဖို့ မရှက်ပါနဲ့။ ပြောပြမှသာ ဆေးပြောင်းတာ ဖြစ်ဖြစ်၊ ဆေးပမာဏကို လျှော့ချတာ ဖြစ်ဖြစ် လုပ်ပေးလို့ ရမှာပါ။
ရင်ဘတ်အောင့် နှလုံးအမောဖောက်ပြီးတဲ့အခါ၊ နှလုံးခွဲစိတ်ပြီးတဲ့အခါမျိုးမှာ ဘယ်လောက်ကြာမှ လိင်ကိစ္စလုပ်လို့ရသလဲ ဆိုတာကိုလည်း နှလုံးရောဂါရှင်တွေက ပူပန်လေ့ရှိပါတယ်။ ရင်ဘတ်မအောင့်တော့ရင်၊ လူကနေရထိုင်ရကောင်းရင် ၂ ပတ်ကနေ ၄ ပတ်လောက် အကြာမှာ စလို့ရပါတယ်။ နှလုံးခွဲထားရင်တော့ ဒိထက် အနည်းငယ် ပိုကြာမှ စရနိုင်ပါတယ်။
လိင်ကိစ္စဟာလည်း လေ့ကျင့်ခန်းတစ်ခု သဘောမျိုးသာ ဖြစ်လို့ မြေညီညီမှာ မိနစ် ၂၀ အတွင်း ၁ မိုင်ခန့် လမ်းလျှောက်တာ၊ တိုက်ခန်း ၂ ထပ်စာအမြင့် လှေကားထစ်တွေကို စက္ကန့် ၂၀ အတွင်း တက်နိုင်တာကို လုပ်နိုင်ပြီ ဆိုရင် လိင်ကိစ္စအတွက် အဆင်ပြေပြီလို့ အကြမ်းဖျင်း သတ်မှတ်လို့ ရပါတယ်။
- စိုးရိမ်စိတ်တွေ ရှိနေရင် မိမိရဲ့ ပါတနာ သို့မဟုတ် ဆရာဝန်ကို ပြောပြပြီး ဆွေးနွေးတာ
- သက်တောင့်သက်သာ ရှိမယ့် အချိန်ကို ရွေးချယ်တာ (ဥပမာ…အစာစားပြီးစ အချိန်ကို ရွေးချယ်မိရင် အစာအိမ်က အောင့်တာနဲ့ နှလုံးကြောင့် ရင်ဘတ်အောင့်တာကို ရောထွေးသွားနိုင်ပါတယ်)
- သက်တောင့်သက်သာ ရှိမယ့် ပတ်ဝန်းကျင်ကို ရွေးချယ်တာ
- သက်တောင့်သက်သာ ရှိမယ့် အိပ်ယာနဲ့ အခန်းကို ရွေးချယ်တာ
- သက်တောင့်သက်သာ ရှိမယ့် အနေအထားကို ရွေးချယ်တာ
- အရက်သောက်မထားတာ (အရက်သောက်ထားရင် ခေါင်းကိုက်စေသလို နှလုံးခုန်နှုန်းကို ပိုမြန်စေပါတယ်)
- အရေးပေါ် လိုအပ်နိုင်မယ့် ဆေးတွေကို အနားမှာ ယူထားတာတွေက စိုးရိမ်စိတ်ကို လျှော့ချနိုင်ပြီး အဆင်ပြေစေဖို့ အထောက်အကူ ဖြစ်မှာပါ။
နှလုံးရောဂါ ရှိနေတိုင်းလည်း အရမ်းစိတ်ပူ စိုးရိမ်နေစရာ မလိုပါဘူး။ ဆေးမှန်မှန် သောက်မယ်၊ ကိုယ်လက်လှုပ်ရှားမှု အတန်အသင့် လုပ်မယ်၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားမယ်၊ ဆရာဝန်နဲ့ ပုံမှန်ပြသပြီး ဆေးစစ်မယ်ဆိုရင် သာမန်လူတွေလိုပဲ ကျန်းမာစွာ နေနိုင်မှာပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်